Movie Category 5

Latest Post

Showing posts with label ဖုန်းအားသွင်းခြင်းဆိုင်ရာ. Show all posts
Showing posts with label ဖုန်းအားသွင်းခြင်းဆိုင်ရာ. Show all posts

ုဖုန်းကိုတစ်ချိန်လုံးပလပ်ထိုးထားတာဟာပျက်စီးစေသလား

Written By Myanmar Youths Technology Group on Tuesday, September 20, 2016 | September 20, 2016


ဖုန်းကို မည်မျှ ကြာကြာ အားသွင်းသင့် သလဲ ? ဟူသော မေးခွန်းသည် မိုဘိုင်းဖုန်းများ စပေါ် ကတည်းက လူသားတွေ မေးလာ ကြသော မေးခွန်း ဖြစ်သည်။ ယခု ထိလည်း မေးနေကြဆဲ၊ ရှုပ်ထွေးနေ ကြဆဲလည်း ဖြစ်သည်။လူများစုကြီးကား မနက် ဖုန်းဘက်ထရီ အပြည့်နဲ့ အပြင် ထွက်သွားပြီး ညအိမ်ပြန် ရောက်ရင် အားကုန် နေသည့် ဖုန်းကလေးတွေ ပြန်ပါလာ တတ်သည်။ ညအိပ်ရာ ၀င်တော့ ဖုန်းကို ပလပ်ထိုး အားသွင်းပြီး အိပ်လိုက် တော့သည်။ မနက်နိုး လာလျှင် လူလည်း အားပြည့်၊ ဖုန်းလည်း အားပြည့်နေ လိမ့်မည်။

 

ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်း ထားတာ အန္တရာယ် မများဘူးလားဟု မေးချင်ကြ လိမ့်မည်။ သုံးလေး နာရီလောက် အားသွင်းလျှင် ဘက်ထရီ ပြည့်ပြီ ဖြစ်ရာ အားပြည့် ပြီးနောက်မှာပင် တစ်ညလုံး ပလပ်ဆက် ထိုးထားခြင်းဖြင့် ဘက်ထရီတွေ ပူပြီး ပေါက်ကွဲ စေတတ် သလား စိတ်ပူသူ များလည်း ရှိသည်။ ထိုသို့ အားပြည့် သွားပြီးသည့်တိုင် အကြာကြီး ပလပ် ထိုးထားခြင်းကြောင့် ဘက်ထရီ ပျက်စီးစေ နိုင်သလား စိုးရိမ်သူ များလည်း ရှိသည်။

 

ဖုန်းဘက်ထရီနဲ့ ပတ်သက်ပြီး အကြံပေးချက်တွေ ကလည်း အမျိုးမျိုး ဖြစ်နေသည်။ မယုံလျှင် အင်တာနက် ခေါက်ကြည့်ပါ။ တစ်ခုနှင့် တစ်ခု ဆန့်ကျင်ဖက် ဖြစ်နေသော အကြံပြုချက် အများအပြား ကိုပါ တွေ့ရ လိမ့်မည်။ ဘယ်ဟာ အမှန်ဘယ်ဟာ အမှား ခွဲခြားရ ခက်တော့သည်။

အထက်ပါ အတိုင်း ဘက်ထရီ ပြဿနာ အဖြေရှာရင်း အဖြေ အမျိုးမျိုးကြား မျက်စိလည်နေသူများ အဖို့ တစ်ကယ်တမ်း ကျွမ်းကျင်သူနဲ့ တွေ့ဆုံ မေးမြန်း ထားသည့် ဘက်ထရီ ပြဿနာ အဖြေရှာနည်း များကို အောက်တွင် တင်ပြသွား ပါမည်။ ဖြေကြားပေးသူကား ဖုန်းအားသွင်း အပို ပစ္စည်းများ ထုတ်လုပ် ရောင်းချ နေသည့် Farbe Technik ကုမ္ပဏီကို ထူထောင်သူ ရှိန်းဘရိုစကီ ဖြစ်သည်။

 

ဖုန်းကို တစ်ညလုံး ပလပ်ထိုးထားရင် ဘာဖြစ်နိုင်လဲ။
==================================
တစ်ညလုံး ပလပ်ထိုးထား လို့တော့ ဖုန်းကို ကြီးကြီးမားမား ထိခိုက် ပျက်စီးစရာ အကြောင်း မရှိပါဘူး။ နောက်ထွက် လာတဲ့ စမတ်ဖုန်းတွေက သိပ်ကောင်းတယ်။ အားပြည့်သွားပြီ ဆိုတာနဲ့ ဓာတ်အား ၀င်နေ တာကို အလိုလျောက် ဖြတ်ချ လိုက်တယ်။ အဲဒီလို ဆိုတော့ အားပိုသွင်းမိပြီး ဖုန်းပူလာ တာမျိုးလည်း မဖြစ်တော့ဘူး။

ဟုတ်တော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်းထားရင် ဘက်ထရီ သက်တမ်း တိုတတ်တယ် ဆိုတာကော ဟုတ်လား။

Lithium-ion ဘက်ထရီတွေက အပူဒဏ် ကိုတော့ သိပ်မခံနိုင်ဘူး။ ဖုန်းကို ကာဗာစွပ် တာရင် အပူမထွက် တာကြောင့် ဖုန်း ဟာ ပူလာတာမျိုး ဖြစ်တတ်တယ်။ အဲဒီလိုမျိုး ဘက်ထရီပူလာပြီ ဆိုရင် ဘက်ထရီ ဆဲလ်တွေ ပျက်စီး တတ်တယ်။ အဲဒီလို ပျက်စီးရင် ဘက်ထရီ အလုပ်လုပ်နိုင်စွမ်း ကျဆင်းပြီး ဘက်ထရီ သက်တမ်း တိုတတ်တယ်။ ဒါပေမဲ့ ကာဗာ မစွပ်ဘဲ ပုံမှန် အတိုင်းထားတဲ့ ဖုန်းတွေ ကတော့ ပူလာ ရင်တောင် အပူထွက် နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူလာ တာမျိုး ဖြစ်ခဲ့ ပါတယ်။ ဖုန်းကာဗာ စွပ်ထား တဲ့ လူတွေ အနေနဲ့ ညအိပ်ရင် ဖုန်းကို ပလပ်ထိုးအိပ်မယ် ဆိုရင် ကာဗာကို ဖြုတ်ထား ဖို့တော့ အကြံပြုလို ပါတယ်။ ဒါမှ ဖုန်းပူလာ ရင်တောင် အပူထွက်နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူတက်လာ တာမျိုး မဖြစ်တော့ ဘူးပေါ့။

 

ဘယ်လိုမျိုး အားသွင်းတာ အသင့်တော်ဆုံး ဖြစ်မလဲ။
==================================
ဘက်ထရီကို (၅၀) ရာခိုင်နှုန်းနဲ့ (၈၀) ရာခိုင်နှုန်းကြားမှာ ပုံမှန်လေးရှိ နေအောင် ထိန်းပြီး အားသွင်းပေး ထားတာ အကောင်းဆုံးပဲ။ အဲဒီလို အားသွင်း ထားမယ် ဆိုရင် ဘက်ထရီထဲက အိုင်ယွန်း တွေဟာ အမြဲတမ်း ပုံမှန် လည်ပတ် အလုပ်လုပ် နေနိုင်တဲ့ အတွက် ကျန်းမာရေး ကောင်းတယ်။ အားလုံးဝ ကုန်သွား ရင် အိုင်းယွန်းတွေ ဆက်အလုပ် မလုပ်နိုင်ဘူး။ အဲဒီလိုပဲ အားအပြည့်ကြီး စွတ်သွင်း လိုက်ရင်လည်း အိုင်းယွန်းတွေရဲ့ ပုံမှန် လုပ်ငန်း စဉ်ကို နှောင့်ယှက်ရာ ရောက်တယ်။(၅၀) နဲ့ (၈၀) ကြားမှာ ရှိနေအောင် ထိန်းပြီး အားသွင်းမယ်ဆိုရင် အစွန်း နှစ်ဖက်လုံးက လွတ်တဲ့ အတွက် ဘက်ထရီ ဟာ ကျန်းမာ တယ်။ ဖြစ်နိုင်ရင် ဘက်ထရီကို (၅၀-၈၀) ကြားမှာ ရှိနေအောင် တစ်နေ့လုံး ထိန်းပြီး သွင်းပေး သင့်တယ်။ အကြာကြီး ပလပ်ထိုးထားဖို့ မလို ဘူး။ (၅၀) ရာခိုင်နှုန်းလောက် ရောက်လာပြီဆို ခဏ ပလပ်ထိုးထား လိုက်။ (၈၀) ရာခိုင်နှုန်း လောက် ရောက်ပြီဆို ပြန် ဖြုတ် ထားလိုက်။ ပြန်လျော့ သွားပြီဆို ခဏ ပြန်ထိုး လိုက်နဲ့ လုပ်ပေးနိုင် ရင်တော့ အကောင်းဆုံးပဲ။ ဒါပေမဲ့ အဲဒီလို လုပ်ရတာ အလုပ်တော့ ရှုပ်တယ်။ လူ အတော်များများ လုပ်နိုင်ဖို့ မလွယ်ဘူး။ ဘက်ထရီ သက်တမ်း အရှည်ဆုံး ဖြစ်ချင်တယ် ဆိုရင် အလုပ် သင့်ဆုံး နည်းလမ်းမို့ လို့သာ ပြောပြတာပါ။ မလုပ်နိုင်တဲ့ လူတွေ အနေနဲ့လည်း စိတ်ပျက် နေစရာတော့ မလိုပါဘူး။

 

ဘက်ထရီ မပျက်စီးအောင် ဘာတွေ ဆောင်၊ ဘာတွေ ရှောင်ရမလဲ။
============================================
ဘက်ထရီ အကုန်ပြောင်အောင် သုံးပစ်ပြီး တဲ့နောက် အကုန်ပြည့်တဲ့ထိ တစ်လျှောက်တည်း သွင်းပစ် တာမျိုးတော့ လုံးဝ ရှောင်။ သုည ရာခိုင်နှုန်း ကနေ တစ်ရာ ရာခိုင်နှုန်းထိ တစ်ခါတည်း သွင်းပစ် တာမျိုးဟာ ဖုန်းဘက်ထရီကို လည်ပင်း ညှစ်တာပဲ။ ဘက်ထရီတွေဟာ အဲဒီလို သုညကနေ တစ်ရာထိကို ဘယ်နှခေါက်သာ ခံနိုင်တယ် ဆိုတာ စထုတ် ကတည်းက သတ်မှတ်ပေးထားတာ ရှိတယ်။ ကိုယ်က အဲဒီလို ဖုန်းဘက်ထရီကို လည်ပင်းများများ ညှစ်လေ သတ်မှတ်နှုန်း မြန်မြန် ပြည့်ပြီး ဘက်ထရီ မြန်မြန် အသက်ထွက်လေ ပါပဲ။ အဲဒီလို သုည ကနေ တစ်ရာကို အားသွင်းမိတဲ့ အကြိမ်တွေများ လာလေ ဘက်ထရီဟာ စွမ်းဆောင်ရည် ကျဆင်းလာ လေပါပဲ။ ခဏလေးနဲ့ အားကုန် သွားတာ မျိုးကနေ လုံးဝကို သုံးမရ တော့တဲ့ထိ ဖြစ်သွားနိုင် ပါတယ်။

 

ဖုန်းဘက်ထရီ သက်တမ်း ကြာကြာခံအောင် ဘယ်လို အားသွင်း ပစ္စည်းတွေ သုံးရမလဲ။
=================================================
ဖုန်းဝယ် ကတည်းက တစ်ခါတည်း တွဲပါလာတဲ့ အော်ရီဂျင်နယ် အားသွင်းကြိုးတွေ၊ အားသွင်းတုံးတွေကို သုံးတာ အကောင်းဆုံးပဲ။ တစ်ကယ်လို့ အော်ရီဂျယ်နယ်ဟာ ပျက်သွား ရင်လည်း အော်ရီဂျင်နယ် ကြိုးတွေ၊ အားသွင်းတုံးတွေ ကိုပဲ ထပ်ဝယ် သုံးတာ အကောင်းဆုံးပဲ။ အော်ရီဂျင်နယ်တွေ ဈေးသိပ်ကြီး နေတာမျိုးနဲ့ တိုးလို့ မျက်ရည်ကျ ချင်ချင် ဖြစ်လာ ရင်တော့ ဈေးလည်း သက်သာ စိတ်လည်း ချရမှာ မျိုးတွေကို ဒုတိယ အဆင့် အနေနဲ့ စဉ်းစား သင့်တယ်။ ကိုယ့် ဖုန်းအမျိုးအစားမှာ သုံးနိုင်တဲ့ အခြားတံဆိပ်နဲ့ ဘက်ထရီတွေ၊ အားသွင်းကြိုး တွေကို အရင်ဆုံးရွေး။ ပြီးရင် ပါကင် တွေမှာ ရေးထား တာတွေ လိုက်ဖတ်ကြည့်။ စနစ်တကျ စမ်းသပ် ထုတ်လုပ် ထားတဲ့ ပစ္စည်း ဆိုရင် ဘယ်လို စနစ်တကျ စမ်းသပ် ထုတ်လုပ် ထားတယ်၊ စည်းမျဉ်း စည်းကမ်းနဲ့ ဘယ်လို ညီညွတ်တယ်၊ ဘယ်လို ထောက်ခံချက် ရထားတယ် ဆိုတာတွေ ပါတယ်။ အဲဒီလို ဟာမျိုးတွေက အော်ရီဂျင်နယ် လောက် နီးနီးလည်း စိတ်ချရတယ်။ နာမည် ရထားတဲ့ ပစ္စည်းတွေကို ၀ယ်သုံး တာလည်း တစ်မျိုး စိတ်ချ ရတယ်။ နာမည် ရထား ပြီးသား ပစ္စည်းတွေဟာ အရည်အသွေး ကိုလည်း ထိန်း ကြတယ်။ ကိုယ့်ဖုန်းနဲ့ အားသွင်းကြိုးနဲ့ ဓာတ်အား လက်ခံနိုင်ပုံချင်း တူရဲ့လားလဲ သေချာ စစ်ဆေးဖို့ လိုတယ်။ ဖုန်းက ၀ပ်ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် လက်ခံနိုင်လဲ သေချာကြည့်။ အားသွင်းကြိုး ကရော ၀ပ်ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် ပေးနိုင် တာလဲ သေချာကြည့်။ နှစ်ခု ကိုက်ညီတယ် ဆိုမှဝယ်။ ဒါဆို အော်ရီဂျင်နယ် မဟုတ်ရင်တောင်မှ တော်တော်လေး စိတ်ချရ ပြီလို့ သတ်မှတ် နိုင်တယ်။

ဈေးပေါတာတွေကို သတိထား။ ဈေးပေါတဲ့ အားသွင်းကြိုးတွေ၊ အားသွင်းတုံး တွေဟာ အရည်အသွေးလည်း ညံ့တာ များတယ်။ စံချိန်စံညွှန်း မီအောင် မလုပ်ဘဲ၊ ပစ္စည်းဖြစ် ပြီးရော ဆိုတာမျိုး ထုတ်ထားတာမျိုးနဲ့ တိုးရင် အန္တရာယ်ပါ ကျရောက် နိုင်တယ်။ ဒါပေမဲ့ ဈေးပေါတာတွေ ထဲမှာ တစ်ကယ် ကောင်းတဲ့ ဟာလေး တွေ လည်း ပါတတ် ပါတယ်။ အများစု ကတော့ စိတ်မချရ ပါဘူး။လန်ဒန် မီးသတ်ဌာနက ထုတ်ပြန်ချက်ကို ကြည့်ပါ။ အရည်အသွေး မမီတဲ့ အိုင်ဖုန်း အားသွင်းကြိုး အတုတွေကြောင့် ဓာတ်လိုက်တာ၊ လက်မီးလောင် တာ၊ အိမ်ပါ မီးလောင်တာမျိုး တွေပါ ဖြစ်ပွားနေရ သတဲ့။ အားသွင်းကြိုး အသစ် ၀ယ်လာပြီး ပြီဆိုရင် တစ်ညလောက် ဖြစ်ဖြစ် ပလပ်ထိုးထားကြည့် လိုက်ပါ။ ကိုယ်ကလည်း သတိလေး နဲ့တော့ စောင့်အိပ်ပေါ့။ မနက် ရောက်တဲ့ အခါ ဖုန်းလည်း တအား ပူတက်နေတာမျိုး မဖြစ်ဘူး၊ တစ်ခြား ပြဿနာလည်း မပေါ်ဘူးဆိုရင် စိတ်ချရတဲ့ ပစ္စည်းလို့ ယေဘုယျ သတ်မှတ် နိုင်တယ်။ ဖုန်းဘက်ထရီအတွက် အန္တရာယ် အကင်းဆုံး၊ အထိရောက်ဆုံး ဖြစ်အောင် မူရင်း အားသွင်းကြိုး၊ အားသွင်းတုံးတွေကိုသာ အသုံးပြုပါ။ တစ်ခြား တံဆိပ်နဲ့ ၀ယ်မည် ဆိုပါက အာမခံချက် သေချာပေးသော ပစ္စည်းများ ကိုသာ သုံးစွဲပါ။

 

-ဖုန်း အရမ်းမပူ ပါစေနဲ့။ ညဘက် ပလပ်ထိုး အားသွင်းပြီး အိပ်မည် ဆိုလျှင် ဖုန်း ကာဗာ ကိုတော့ ချွတ်ထား လိုက်ပါ။

-ဖုန်း ဘက်ထရီ အကျန်းမာဆုံး ဖြစ်စေ လိုလျှင် ဘက်ထရီကို (၅၀-၈၀) ရာခိုင်နှုန်း ကြား ရှိနေအောင် ထိန်းပြီး အားသွင်းပေးပါ။

- ဘက်ထရီ လုံးဝ အားကုန်ပြီး ပိတ်သွားသည် အထိ မသုံးပါနဲ့။ ဘက်ထရီ သုည ရာခိုင်နှုန်းမှ တစ်ရာ ရာခိုင်နှုန်းသို့ တောက်လျှောက် အားသွင်းခြင်းမျိုး ကိုလည်း ရှောင်ပါ။

 

Credit - Original Uploader




ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

အားသွင်းရင်ဒါတွေစဉ်းစား

Written By Myanmar Youths Technology Group on Thursday, September 15, 2016 | September 15, 2016


ဆောင်းပါးရှင် - နောင်စိုး (ထားဝယ်)

အိုင်တီပစ္စည်း၊ မိုဘိုင်းပစ္စည်းတွေကို အသုံးများလာတယ်။ အဲဒီ ပစ္စည်းကို အိမ်ထဲမှာထိုင်မသုံးဘဲ အပြင်သယ် သုံးဖို့ရည်ရွယ်ထားတော့ သူ့မှာ ဘက်ထရီအားကိုးနဲ့ အလုပ်လုပ်နိုင်အောင် စီစဉ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အဲဒီပစ္စည်းတွေကို မကြာမကြာ အားသွင်း ကြရပါတယ်။ Pokémon Go ကစားတဲ့လူတွေများ ဘက်ထရီအားအပြည့် သွင်းတာတောင် မလောက်လို့ Powerbank နှစ်လုံးလောက် ဆောင်ရပါသေးတယ်။

ဖုန်းတွေ၊ တက်ဘလက်တွေ၊ ကွန်ပျူတာတွေ အားသွင်းတာ အလွယ်သားမဟုတ်လား။ အားသွင်းကြိုးလေး ထိုးပြီး အိမ်သုံးမီး ပလပ် ပေါက်မှာ ထိုးထားလိုက်ရုံလေးဥစ္စာ။ ဟုတ်ကဲ့ ... လူဗြိန်းတွေတွေးရင်တော့ ရိုးရိုးလေးပါပဲ။ အဲဒီ ရိုးရိုးလေးအတိုင်း လုပ်ကြလို့ ကွန်ပျူတာတွေ သက်တမ်းစေ့မနေတာ၊ Hard disk တို့ motherboard တို့ သက်တမ်းတိုတိုနဲ့ကြွတာ မကြာခဏတွေ့ရပါတယ်။ ဒါကြောင့် အားသွင်းတဲ့ အလုပ်ကို စနစ်တကျ လုပ်ကြပါမယ်။

ပထမဆုံး အားသွင်းတဲ့စနစ်အကြောင်း အရင်ဆုံး လေ့လာကြပါမယ်။ ခေတ်သစ်အားသွင်းစနစ်မှာ ဖုန်း၊ တက်ဘလက်နဲ့ ကွန်ပျူတာ ဘက်ထရီတွေကို တသမတ်အရှိန်နှုန်းနဲ့ အားသွင်းတာမဟုတ်ပါဘူး။ မိုဘိုင်း ဖုန်းထဲက Battery Doctor တို့ Du Battery Saver တို့ရဲ့အားသွင်းပုံကို ခဏတဖြုတ်စောင့်ကြည့်ရင် သိနိုင်ပါတယ်။ ဘက်ထရီအား သိပ်နည်းသွားတဲ့အခါ (ဥပမာပြောရရင် ဘက်ထရီ ၈ဝ ရာခိုင်နှုန်းအောက် အ တိုင်းအတာထိ ကျသွားတဲ့အခါ) အားသွင်းနှုန်းကို ခပ်မြန်မြန်သွင်းပါတယ်။

ဒါပေမဲ့ ဘက်ထရီအား ၈ဝ ရာခိုင်နှုန်း ရောက်ပြီဆိုတာနဲ့ အားသွင်းနှုန်းကို နှေးနှေးထားလိုက်ပါတယ်။ ၈ဝ-၁ဝဝ ကြား အားသွင်းနှုန်းဟာ ဝ-၈ဝ ကြား အားသွင်းနှုန်းထက် နှစ်ဆကျော် နှေးပါတယ်။ စကားအဖြစ်ပြောတာပါ။ ဘက်ထရီကို မလွှဲသာမရှောင်သာ အခြေအနေကလွဲပြီး သုံညရောက်အောင် မသုံးသင့်ပါဘူး။ အနည်းဆုံး ၁ဝ ရာခိုင်နှုန်းတော့ ကျန်သင့်ပါတယ်။ 

၁ဝ-၈ဝ ရာခိုင်နှုန်းကြား အားသွင်းချိန်ဟာ အတော်လေးမြန်ပါ တယ်။ သူ့အားသွင်းကြိုးအမှန်ဆိုရင် ၇၅ မိနစ်လောက်နဲ့ ၈ဝ ရာခိုင် နှုန်းကို ရောက်ပါတယ်။ ကိုယ့်ပစ္စည်းကလည်း ဘက်ထရီ ၈ဝ ရာခိုင် နှုန်းဝင်နေပြီ။ အဲဒီအချိန်မှာ အပြင်သွားစရာရှိတယ်ဆိုရင် နောက် ၂ဝ ရာခိုင်နှုန်းကိုမစောင့်သင့်ပါဘူး။ အားသွင်းကြိုးကိုဖြုတ် ပြီး တစ်ခါတည်း ယူသွားသင့်ပါတယ်။ ပညာရှင်တွေထောက်ခံတဲ့ ဘက်ထရီအသုံးချ ရာခိုင်နှုန်းဟာ ၄ဝ-၈ဝ ကြားဖြစ်ပါတယ်။

၎ဝ ရာခိုင်နှုန်းဝန်းကျင်အထိ ကျရင် အားသွင်းပြီး ၈ဝ ရာခိုင်နှုန်း ပြည့်တာနဲ့ ဖြတ်လိုက်ရင် ဘက်ထရီကို အနည်းဆုံး အားသွင်းကြိမ်ရေ ၃ဝဝ အထိ စွမ်းအားပြည့်သုံးနိုင်မယ်လို့ ဆိုပါတယ်။ တကယ်တမ်း ပြောရရင် ဘက်ထရီဟာ အမြဲတစေ ၁ဝဝ ရာခိုင်နှုန်းပြည့် အားမသွင်းသင့်ပါဘူး။ ၉ဝ ရာခိုင်နှုန်းထိ အားသွင်းရင် လုံလောက်နေပါပြီ။ ဘက်ထရီ Calibrate လုပ်တယ်ဆိုတာမျိုးအနေနဲ့ တစ်လမှာတစ်ခါလောက်ပဲ ၁ဝဝ ရာခိုင်နှုန်းအထိ အားသွင်းသင့်ပါတယ်။

အားသွင်းတဲ့အခါမှာ အားသွင်းကြိုးက အတော်လေးအခရာကျပါတယ်။ ဖုန်းတွေ၊ Laptop ကွန်ပျူတာ တွေကို မူရင်းအားသွင်းကြိုးနဲ့ သွင်းရမယ်ဆိုတဲ့ခေတ် မရှိတော့ပါဘူး။ ခေါင်းတူရင် သွင်းလို့ရပါတယ်။ ဒါပေမဲ့ အားသွင်းချိန်မှန်းဆရတာ အတော်ခက်သွားပါတယ်။ မူရင်းကြိုးထက် အားကြီးတဲ့ကြိုးနဲ့သွင်းရင် အားသွင်းချိန် ပိုမြန်ပြီး အားနည်းတဲ့ ကြိုးနဲ့သွင်းရင် အားသွင်းချိန် ပိုကြာသွားပါမယ်။ အားသွင်းကြိုးတွေက ကြာလာရင် ချို့ယွင်းတယ်၊ ပျက်တယ်၊ စည်းကမ်းမရှိရှင် ပျောက်လည်းပျောက်တတ်ပါတယ်။ လိုအပ်လို့ မူရင်းမဟုတ်တဲ့ အားသွင်းကြိုး ဝယ်သုံးရရင် မူရင်းကြိုးနဲ့ အားသွင်းအတိုင်းအတာနီးစပ်တာကို ဝယ်သင့်ပါတယ်။

သာမန်လူနဲ့ ဘယ်လိုမှ မနီးစပ်နိုင်တဲ့ Ampere တွေ Watt တွေကိုတော့ မသိသိအောင် ကြိုးစားဖို့ လိုပါတယ်။ Ampere ကိုတော့ mAh  ဆိုတာ Ah ဆိုတာမျိုးတွေနဲ့ တွေ့ရပါမယ်။ အားသွင်းကြိုးမှာ mAh ကြီးရင် အားသွင်းတာ ပိုမြန်ပါတယ်။ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာတစ်လုံးရဲ့ အမြင့်ဆုံးခွင့်ပြုနိုင်တဲ့ အားသွင်းနှုန်း ထက် အများကြီးပိုမြင့်တဲ့ အားသွင်းကြိုးကို မသုံးသင့်ပါဘူး။ လက်ခံနိုင်တာထက် အများကြီးပိုမြင့်တဲ့ နှုန်းနဲ့ အားသွင်းနေမယ်ဆိုရင် အနှေးနဲ့အမြန် အဲဒီပစ္စည်း ပျက်ပါလိမ့်မယ်။ အခုနောက်ပိုင်းထွက်တဲ့ အဆင့်မြင့် မိုဘိုင်းဖုန်းတွေမှာ Quick Charge 2.0 တို့၊ 3.0  တို့လို အမြန်အားသွင်းစနစ်တွေ ပါလာတဲ့အတွက် မူရင်းထက် အဆမတန်အားကြီးတဲ့ အားသွင်းကြိုးတွေကို သတိထား ရပါမယ်။

Laptop ကွန်ပျူတာတွေမှာလည်း ဒီလိုအဖြစ်မျိုးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒီကွန်ပျူတာတွေမှာ အားသွင်းကြိုး စနစ်က မော်ဒယ်ချင်း မနီးစပ်ရင် ထပ်တူဖြစ်ခဲပါတယ်။ နီးနီးစပ်စပ်တူရင်တောင် များသောအားဖြင့် အားသွင်းကြိုးတွေက ၆ဝ Watts ကနေ ၉ဝ Watts ကြားဖြစ်လေ့ ရှိပါတယ်။ ကွန်ပျူတာနဲ့ ကွက်တိတော်တဲ့ Standard plug ကို သုံးလေ့ရှိ ပါတယ်။ ဈေးပေါတဲ့ အားသွင်းကြိုးတွေလည်း ရှိတယ်။ Compatible လို့ ဆိုပြီး များသောအားဖြင့် တရုတ်က လာပါတယ်။ ကွန်ပျူတာအတွက် စိတ်ချရမှုဟာ မူရင်းကြိုးလို မကောင်းပါဘူး။ ထုတ်လုပ်တဲ့ ကုမ္ပဏီ နာမည်နဲ့ CE အမှတ်အသားတွေကို စစ်ဆေးပြီး ဝယ်ဖို့လိုပါတယ်။ 

အားသွင်းတဲ့ကိစ္စမှာ အကြီးအကျယ်ဆုံး အမှားက အားသွင်းနေရင်း ပစ္စည်းကိုသုံးတာပါ။ ဥပမာပြောရရင် GPS သုံးပြီး Pokémon ဖမ်းတဲ့အခါ ပါဝါအစားကြမ်းလို့ Powerbank ထိုးထားပြီး ဆက်ကစားတာမျိုးဖြစ်ပါတယ်။ ဖုန်း၊ တက်ဘလက်၊ Laptop အားလုံးဟာ အလုပ်လုပ်နေပြီဆိုရင် ဂိမ်းကစားနေပြီဆိုရင် ပါဝါအရမ်းသုံးပါတယ်။ အင်တာနက်ကြည့်တာဟာ ပါဝါအစား အသက်သာဆုံးလို့ ဆိုတာတောင် idle mode မှာထက် ပါဝါစားပါသေး တယ်။ အားသွင်းနေရင်းပစ္စည်းကိုသုံးတဲ့အတွက် ဘက်ထရီအားပြည့်ဖို့အချိန်အများကြီးကြာပါတယ်။ အားကုန် လုနီးနီး ဖုန်း၊ Laptop ဆိုရင် အားသွင်းချိန်သိပ်ကြာသွားနိုင်တာမို့ အလုပ်သွားနောက်ကျတာ၊ အပြင်သွား နောက်ကျတာလည်းဖြစ်မယ်။ ဖုန်း၊ တက်ဘလက်၊ Laptop တွေဟာ အားသွင်းတဲ့အလုပ်နဲ့ ပါဝါစားတဲ့ အလုပ်နှစ်ခုကို တစ်ပြိုင်တည်းလုပ်တာမို့ heat ပိုတက်ပြီး ပစ္စည်းအသက်တိုပါမယ်။

Laptop ကိုပိတ်ထားပြီး အားသွင်းမယ်၊ ဖုန်းနဲ့ တက်ဘလက်ကို Airplane mode လုပ်ထားပြီး အားသွင်းမယ်ဆိုရင် အားပြည့်တာပိုမြန်ပါမယ်။ Laptop ကတော့ မြန်မြန်ဆန်ဆန်ပြန်သုံးချင်ရင် sleep mode မှာ ထားလို့လည်း ရပါတယ်။ Airplane ကတော့ ကြိုးမဲ့ဆက်သွယ်မှုအားလုံးကို (ဖုန်းလိုင်းအပါအဝင်) ဖြတ်ချလိုက်တာမို့ sleep mode မှာ ထား လိုက်သလိုပါပဲ။ ကိုယ့်ဖုန်းက Quick charge 3.0 ပါတယ်။ အားသွင်း ချိန်ဆယ်မိနစ်လောက်ပဲရမယ်ဆိုရင် Airplane mode မှာထားပြီး screen ကို ပိတ်အားသွင်းပါ။ နာရီဝက်၊ တစ်နာရီ အားသွင်းချိန်ရမယ်ဆိုရင် ပြန်ဝင်တဲ့ကိစ္စဟာ ဖုန်းပိတ်ပြီးပြန်ဖွင့်တာထက် အားကုန်သက် သာပါတယ်။

နောက်တစ်ခုက ကားထဲမှာပါတဲ့ charger socket ကိုသုံးပြီး အားသွင်းတဲ့ကိစ္စပါ။ ကားအပေါ်မူတည်ပြီး တချို့ကားတွေက စက်ပိတ်ထားရင်တောင် အားသွင်းပေးနိုင်ပါတယ်။ တချို့က ဖုန်းကို ကားထဲက charger မှာ တစေအားသွင်းထားတာတွေ့ရပါတယ်။ တကယ်အား သွင်းဖို့လိုမှ အားသွင်းကြိုးတပ်သင့်ပြီး ဖုန်းအသုံးမရှိရင် အားသွင်း ကြိုးဖြုတ်ထားသင့်ပါတယ်။ စက်ပိတ်ထားတုန်းအားသွင်းပေးနိုင်ရင် ကားဘက်ထရီကိုဆွဲစားပါမယ်။ အားကောင်းမောင်းသန် ဘက်ထရီ အသစ်ဆိုရင် ပြဿနာမရှိပေမယ့် ဘက်ထရီကျလာတဲ့အခါ ကားစက်နှိုးရင် ဒုက္ခပေးနိုင်ပါတယ်။ ကားရဲ့လျှပ်စစ်ထုတ်လုပ်မှု Stable မဖြစ်တဲ့အခါမျိုးမှာ ကား Charger ကတစ်ဆင့် အားသွင်းတာဟာ ဖုန်းအတွက် အန္တရာယ်ရှိနိုင်ပါတယ်။

ကားထဲက Charger ထက်စာရင် powerbank က ပိုပြီး စိတ်ချရပါတယ်။ Powerbank တွေမှာ 10000 mAh စွမ်းအားတူရင်တောင် Power factor မတူတာမို့ အားထုတ်ပေးနိုင်တဲ့ စွမ်းရည်ခြင်းမတူပါဘူး။ အား ထုတ်ပေးနိုင်စွမ်းကို သိချင်ရင် Powerbank ရဲ့စွမ်းအားကို Power factor နဲ့ မြှောက်ရပါတယ်။ Powerbank အများစုဟာ Power factor 0.6 ပဲရှိလို့ 10000 mAh Powerbank ဟာ 6000 mAh ပဲပြန်ထုတ်ပေးနိုင်ပါ တယ်။ ကမ္ဘာ့ အကောင်းဆုံး Powerbank တွေမှာ Power factor 0.8 ရှိပါတယ်။


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246