ဆောင်းပါးရှင် - မိုးမခ
တရုတ်နိုင်ငံရဲ့ ရှင်ကျန်ဒေသမှာအခြေစိုက်ထားတဲ့ Gionee ကုမ္ပဏီဟာ အိန္ဒိယဈေးကွက်မှာ ဈေးကွက်ဝေစုရဖို့ ပြင်ဆင်အားယူနေပြီ ဖြစ်ပါတယ်။ သူနဲ့ ပြိုင်ရမယ့်ကုမ္ပဏီကြီးတွေကတော့ ကမ္ဘာ့စမတ်ဖုန်း ဘီလူးနှစ်ကောင် ဖြစ်တဲ့ အက်ပဲလ်နဲ့ ဆမ်ဆောင်းတို့ပဲ ဖြစ်ပါတယ်။ အိန္ဒိယဟာ စမတ်ဖုန်းဈေးကွက်မှာ အမြန်ဆန်ဆုံး ဖွံ့ဖြိုး တိုးတက်လာတဲ့နိုင်ငံ ဖြစ်ပါတယ်။
ရှင်ကျန်မှာအခြေစိုက်ထားတဲ့ Gionee ဟာ အိန္ဒိယဈေးကွက်ရဲ့အလားအလာကောင်းမွန်မှုကို ရှေးရှုပြီး ဈေးကွက်ချဲ့ထွင်ဖို့ ကြိုးစားခဲ့တာ ဖြစ်သလို မိမိတို့တရုတ်နိုင်ငံဈေးကွက်မှာလည်း ဈေးကွက်ဝေစုတွေ မြင့်မား လာတာ ဖြစ်ပါတယ်။
အိန္ဒိယဈေးကွက်ဟာ အလားအလာကောင်းတွေ ပွင့်လန်းနေသလို အိန္ဒိယပြည်တွင်းမှ ဈေးချိုသာတဲ့ မိုဘိုင်းပစ္စည်းတွေ ဘယ်လောက်ပင် ပေါများနေပေမယ့် Gionee ဝင်ရောက်လာခြင်းကြောင့် ဈေးနှုန်းအရ မြင့်မားနေမှုကို စိုးရိမ်ရန်မရှိကြောင်း Gionee ရဲ့ အိန္ဒိယကိုယ်စားလှယ်အကြီးအကဲ အာဗင်ဗိုရာက ပြောဆိုခဲ့ ပါတယ်။
Gionee ဟာ သူ့ရဲ့ဈေးနှုန်းထက် သူ့ရဲ့သွင်ပြင်လက္ခဏာသစ်တွေ စီစဉ်ခင်းကျင်းထားပုံအား သုံးစွဲသူတွေရဲ့ လိုအင်တွေကို အပြည့်အဝဖြည့် ဆည်းပေးထားတာဖြစ်ကြောင်း၊ ဈေးနှုန်းအရ ယှဉ်ပြိုင်မယ်ဆိုရင်လည်း အိန္ဒိယပြည်တွင်းလုပ် Micromax, Lava နဲ့ Maxx Mobile တို့ကို ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ဆမ်ဆောင်းကိုပင် ပခုံးချင်းယှဉ်နိုင်ကြောင်း ကိုယ်စားလှယ်ကြီး အာဗင်ဗိုရာက ရှင်းလင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ဈေးကွက်ဝေစုအဖြစ် ၂ဝ၁၂ ခုနှစ်မှာ ၁.၅ ရာခိုင်နှုန်းသာ ရထားတဲ့ Gionee ဟာ ၂ဝ၁၅ ခုနှစ်မှာ ဝေစု ၄.၇ ရာခိုင်နှုန်းသို့ တိုးမြှင့်လာတာ ဖြစ်ပါတယ်။ တရုတ်ဈေးကွက်မှာ ဆမ်ဆောင်းနဲ့ အက်ပဲလ်ဟာ မနှစ်က သူတို့ရဲ့ ပုံမှန်ဝေစုတွေကနေ ကျဆင်းလာတာ ဖြစ်ပါတယ်။
အိန္ဒိယစမတ်ဖုန်းဈေးကွက်ကို နောက်ဆုံးဝင်ရောက်လာတဲ့ Gionee အနေနဲ့ ဆမ်ဆောင်း၊ မိုက်ခရိုမက်နဲ့ ကာဘွန်းတို့လို နေရာရပြီးသား ကုမ္ပဏီကြီးတွေနဲ့ အကျိတ်အနယ် ယှဉ်ပြိုင်နေရပေမယ့် အောင်မြင်မှု ရလိမ့်မယ်ထင်ကြောင်း၊ အိန္ဒိယသုံးစွဲသူတွေအပေါ် ယုံကြည်မှုအပြည့်ရှိကြောင်း၊ အဆိုပါ ထိပ်တန်းမိုဘိုင်း လုပ်ငန်းကြီးသုံးခုဟာ အိန္ဒိယစမတ်ဖုန်းဈေးကွက်ရဲ့ဝေစုကို ၆ဝ ရာခိုင်နှုန်းချုပ်ကိုင်ထားကြောင်း ပြီးခဲ့တဲ့ သုံးလ ပတ်အတွင်းမှာ အိန္ဒိယရဲ့စမတ်ဖုန်းရောင်းချရမှုဟာ အလုံးရေ ၁၁ သန်းရှိခဲ့ကြောင်း ဈေးကွက်ဒေတာများကို သုတေသနလုပ်နေတဲ့ Cyber-media က ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။
Gionee ဟာ တရုတ်နိုင်ငံမှာ လူသိများထင်ရှားတဲ့စမတ်ဖုန်း အမည်တစ်ခုဖြစ်ပေမယ့် လောလောဆယ် အိန္ဒိယမှာ ဖြန့်ဖြူးမှုအားနည်းချက်တွေ ရှိနေတဲ့အတွက် ဈေးကွက်ဝေစုဟာ ၁ ရာခိုင်နှုန်းသာ ရှိနေတာ ဖြစ်ပါတယ်။
အိန္ဒိယမှာဖြန့်ဖြူးပုံ စနစ်မကျသေးတဲ့အတွက် တခြား Brand တွေကို စိန်ခေါ်နိုင်စွမ်း မရှိသေးကြောင်း၊ သုံးစွဲသူတွေရဲ့ ဝေဖန်သုံးသပ်ချက်အရ တရုတ်ပစ္စည်းတွေဟာ ဈေးချိုသော်လည်း အရည်အသွေးနိမ့်ကျနေ ကြောင်း၊ သူတို့အနေနဲ့ အိန္ဒိယဈေးကွက်မှာ ဦးဆောင်နိုင်တဲ့အနေအထားမျိုး မရှိသေးကြောင်း၊ ဒီနေရာမှာ မေးစရာတစ်ခုပေါ်လာရာ အိန္ဒိယစမတ်ဖုန်းတွေရော တရုတ်နိုင်ငံတွင် အောင်မြင်နိုင်ခြေရှိရဲ့လားဆိုတဲ့ မေးခွန်း ပင် ဖြစ်ကြောင်း၊ Maxx Mobile ရဲ့ လုပ်ငန်းဆောင်ရွက်ရေးအရာရှိချုပ် ခရစ်စနားဆင်းက ဝေဖန် သုံးသပ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယမှာတော့ Maxx Mobile နဲ့ Karbonn တို့ဟာ လွန်ခဲ့တဲ့နှစ်အနည်း ငယ်အတွင်းမှာ ဈေးကွက်ဝေစုပိုမို ရရှိရေးအတွက် ထူးထူးခြားခြားကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ မြို့ငယ်လေးတွေမှာ ဈေးချိုတဲ့စမတ် ဖုန်းတွေရဲ့ ရောင်းအားဟာ သိသိသာသာမြင့်တက်လာတာ ဖြစ်ပါတယ်။
Gionee အနေနဲ့ အိန္ဒိယမှာ ဖြန့်ဖြူးရေးကိုယ်စားလှယ် ၇ ဦးကို ခန့်ထားပြီး အရောင်းဆိုင်ပေါင်း ၁၅ဝဝ ခန့်မှာ တင်သွင်းရောင်းချနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် အဓိကမြို့ကြီးသုံးမြို့ဖြစ်တဲ့ ဘယ်လ်ကွမ်၊ ဘတ်စဝါဒါနဲ့ အန်နန်တို့မှာ ရောင်းအားကောင်းတဲ့ မြို့များဖြစ်ပါတယ်။
Convergence Catalyst ရဲ့ ပူးတွဲတည်ထောင်သူနဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ် သူဂျာယန်ကိုလာရဲ့အဆိုအရ Gionee ဟာ သင့်တော်ကောင်းမွန်တဲ့အချိန် ကာလတစ်ခုမှာ ဝင်ရောက်လာတဲ့အတွက် အခြေအနေကောင်း မှာဖြစ်ကြောင်း၊ လောလောဆယ် ဘလက်ဘယ်ရီ၊ နိုကီယားနဲ့ HTC တို့ဟာ ရောင်းအားကျဆင်းလာတဲ့အတွက် Gionee ရဲ့အလားအလာဟာ အလွန်ကောင်းမွန်နေကြောင်း ဂျာယန်ကိုလာက ပြောဆိုခဲ့တာဖြစ်ပါတယ်။
Gionee ဟာ လာမယ့် ၃ နှစ်မှ ၅ နှစ်လောက် ကာလအတွင်းမှာ အိန္ဒိယဈေးကွက်ထဲကို ထိုးဖောက်ဝင်ရောက် ယှဉ်ပြိုင်နိုင်အောင် ကြိုးစားနေကြောင်း ကုမ္ပဏီက ၄င်းရဲ့ရည်မှန်းချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ကုမ္ပဏီ အနေနဲ့ ရင်းနှီးမြှုပ်နှံမှုအတိုင်းအတာကို သေချာစွာ တွက်ချက်လုပ်ကိုင်ဖို့လိုအပ်ပြီး အိန္ဒိယနဲ့သင့်တော်မယ့် အင်္ဂါစုံပါဝင်တဲ့ အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်ရမှာဖြစ်ပါတယ်။ ထို့အတူ ဒေသတွင်းမှာလည်း ဈေး ကွက်ဖြန့်ချိမှုဆိုင်ရာ အင်အားစုတွေကိုလည်း အင်ပြည့်အားပြည့်နဲ့ လုံလောက်အောင် တည်ဆောက်ပေးထား ရမှာ ဖြစ်ပါတယ်။
ဈေးကွက်သုတေသနလုပ်ငန်းတစ်ခုဖြစ်တဲ့ Cyber Media ရဲ့ သုတေသီတစ်ဦးဖြစ်တဲ့ ဖိုင်ဆယ်ကာစူဆာ ကပြောဆိုရာမှာ Gionee အနေနဲ့ အိန္ဒိယ ဈေးကွက်အခြေအနေကို လေ့လာသုံးသပ်ပြီး ဈေးကွက်တစ်ခုလုံးကို လွှမ်းခြုံနိုင်တဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်တစ်ခုကို ချမှတ်လုပ်ဆောင်သင့်ကြောင်း၊ ဒီလိုလုပ်ဆောင် ရာမှာ မိမိတို့ကုန်ပစ္စည်းကို ဖြန့်ကျက်နိုင်မယ့် ဒေသဆိုင်ရာ နယ်နိမိတ် အကျယ်အဝန်းနဲ့ အရွယ်အစားကို ချင့်ချိန်ဖို့ လိုအပ်ကြောင်း၊ အိန္ဒိယဈေးကွက်မှာ ဈေးသက်သာတဲ့ Micromax လို စမတ်ဖုန်းများနဲ့ ပထမဦးစွာ ယှဉ်ပြိုင်နိုင်အောင် ကြိုးပမ်းသင့်ကြောင်း၊ လက်ရှိအားဖြင့် HTC တို့ Sony တို့ Panasonic တို့လို ဈေးနှုန်း သက်သာတဲ့ စမတ်ဖုန်းများစွာရှိနေကြောင်း ဈေးမြင့်သော်လည်း ရောင်းအားကောင်းနေတဲ့ ဆမ်ဆောင်းကဲ့သို့ ထိပ်တန်းကုမ္ပဏီကြီးတွေလည်း ရှိနေကြောင်း၊ သို့ဖြစ်၍ Gionee အနေဖြင့် ဒေသနဲ့ လိုက်လျောညီထွေဖြစ်မယ့် အလုပ် လုပ်နိုင်စွမ်းရှိတဲ့ ကျစ်လျစ်သိပ်သည်းတဲ့ အဖွဲ့အစည်းတစ်ခုကို ခိုင်ခိုင်မာမာ တည်ဆောက်ပြီး ဇွဲရှိရှိနဲ့ ကြိုးစားခြင်းဖြင့် တစ်ချိန်ချိန်တွင် Gionee ရဲ့ပစ္စည်းများဟာ အိန္ဒိယတစ်ဝန်းမှာ ထိုးဖောက်အောင်မြင်ကာ ထင်ရှားကျော်ကြား လူသုံးများလာမှာဖြစ်ကြောင်း သုတေသီဖိုင်ဆယ်ကာစူဆာက ရှင်းလင်းစွာ ဝေဖန်သုံးသပ် ပြောဆိုသွားတာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ဈေးသက်သာတဲ့စမတ်ဖုန်းတွေဟာ ရောင်းအားကောင်းတာ မှန်ပေမယ့် Display နဲ့ Features ပိုင်းမှာ များစွာလိုအပ်ချက်တွေ ရှိနေကြောင်း Gionee ဝင်ရောက်လာခြင်းဟာ ဒီလိုအပ်ချက်တွေကို အထိုက် အလျောက် ဖြေရှင်းပေးနိုင်ဖွယ်ရာရှိကြောင်း Gionee ရဲ့ အိန္ဒိယဆိုင်ရာလုပ်ငန်းဌာနအကြီးအကဲ အာဗင်ဗိုရာက ပြောဆိုခဲ့တာဖြစ်ပါတယ်။
Gionee M5 နဲ့ Gionee S 5.1 တို့ ထွက်ပြီးနောက်မှာ ထပ်မံထွက်ပေါ်လာမယ့် Gionee M6 နဲ့ Gionee M6 Plus တို့ကို မကြာခင်မှာ ရောင်းချတော့မှာဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ ယခုထွက်လာမယ့် M6 နှင့် M6 Plus တို့မှာ ပိုမိုကောင်းမွန်တဲ့လုံခြုံရေးစနစ်များ ပါဝင်လာတဲ့အတွက် Data များလုံခြုံမှုကို အကာအကွယ်ပေးနိုင်ပြီး စွမ်းရည်မြင့်မားတဲ့ ဘက်ထရီများကို အသုံးပြုထားကြောင်း၊ ထူးခြား ချက်ကတော့ ဒီဖုန်းအမျိုးအစားများဟာ တခြားဖုန်းများကိုလည်း အားသွင်းပေးနိုင်စွမ်းရှိတဲ့အတွက် အိန္ဒိယ ဈေးကွက်မှာ ပိုမိုယှဉ်ပြိုင်နိုင်ဖွယ်ရာရှိကြောင်း Gionee ရဲ့ အိန္ဒိယဈေးကွက်ဖြန့်ချိရေး လုပ်ငန်းဌာနအကြီးအကဲ အာဗင်ဗိုရာက ပြောဆိုခဲ့တာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment